Friday, March 18, 2016

19 ရာစု တွင်
  Queen Victoria ( ဗစ်တိုးရီးယား ဘုရင်မ ) သည် pug 36 ကောင်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
( တချို့မှတ်တမ်းများတွင် 38 ကောင်ဟု ဖော်ပြထားသည်။ )

၎င်းတို့ထဲမှ Bosco ( Basco ) , Venus , Minka , Rooney , Fatima , Olga နဲ့ Pedro တို့သည် နာမည်ကျော်များ ဖြစ်ကြသည်။

အရာဝတ္ထုပစ္စည်းများကို ခြေရာကောက်ရာတွင် ထူးချွန်သော အရည်အချင်းကြောင့် ယခင်က Pug လေးများကို စစ်တပ်များတွင် အသုံးပြုခဲ့ကြသည်။

17 ရာစုတွင် လူ နဲ့ တိရစ္ဆာန်များကို ရှာဖွေရန် ၊ ခြေရာကောက်ရန် နှင့် စစ်တပ်များတွင် လုံခြုံရေးခွေးများအဖြစ် Pug ကို အသုံးပြုခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

Credit to Coral Coral

Pug လေးများနှင့် အစာကျွေးခြင်း
----------------------------------
သင်စတင်ဝယ်ယူလာသော ( 45 days / 2 months old )  puppy လေးတကောင်အတွက် တနေ့ကို အစာ 4 ကြိမ် ကျွေးသင့်ပါတယ်။

သင်ဝယ်ယူလာသော နေရာ ( breeder / pet shop / အိမ်မွေး) ကို အစာကျွေးပုံစနစ် ၊ ကျွေးသည့် အစာအမျိုးအစား နှင့် အစာကျွေးနှုန်း စသည်တို့ကို ဝယ်ယူသည့်အချိန်တွင် သေချာစွာ မေးမြန်းသင့်ပါတယ်။

4-6 လအတွင်းတွင် ( တနေ့ 4 ကြိမ်ကျွေးနေသော ပမာဏကို ) တနေ့ကို 3 ကြိမ် ခွဲပြီးကျွေးသင့်ပါတယ်။

6 လနှင့်အထက် အရွယ်မှာတော့ ( 3 ကြိမ်ကျွေးနေသော ပမာဏကို )တနေ့ကို 2 ကြိမ် ကျွေးလျှင် လုံလောက်ပြီ ဖြစ်ပါတယ်။

တချို့သော ပိုင်ရှင်တွေက တနေ့အတွက် 3 ကြိမ်စာကို 2 ကြိမ်ကို များများနဲ့ တကြိမ်ကို အဆာပြေခပ်နဲနဲ
(သို့)တချို့ကျတော့လဲ တနေ့တကြိမ် ကျွေးတတ်ကြပါတယ်။

ပုံမှန်အားဖြင့်တော့ small breed ဖြစ်တဲ့အတွက် အရွယ်ရောက်ချိန်မှာ တနေ့ကို 2 ကြိမ်ကျွေးခြင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။

အစားမက်တဲ့ pug လေးတွေကို အလိုလိုက်၍ သူတို့စားတိုင်း အလွန်အကျွံအစာကျွေးတတ်ခြင်း၊ တကြိမ်ကျွေးပြီး အစာကုန်သွားသောအခါ ထပ်ထည့်ပေးခြင်း၊မိမိစားသော အစားအသောက်တိုင်းကို ကျွေးနေခြင်း၊ ချစ်သည်ဟုဆိုကာ ကျန်းမာရေးအတွက် အထောက်အကူမဖြစ်သော အစားအစာများကျွေးခြင်း စတဲ့ အပြုအမူတွေဟာ pug လေးတွေကို အဝလွန်စေရန် လုပ်နေခြင်းသာ ဖြစ်တတ်တာကိုတော့ သတိပြုစေချင်ပါတယ်။

သင်၏ pug လေးကို Dog food ကျွေးရန်ရွေးချယ်ပါက pug လေးများစားရန် အဆင်ပြေစေသော အစာလုံး အရွယ်အစား သေးတာကို ဦးစားပေး ဝယ်ကျွေးသင့်ပါတယ်။
အစာခြောက် ကျွေးခြင်းဖြင့် pug လေး၏ ခံတွင်းကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အစာအိတ်များတွင် ဖော်ပြထားသော body weight နဲ့ အစာကျွေးရမယ့် ပမာဏကို ကြည့်၍ အစာကို ချိန်ကျွေးသင့်ပါတယ်။

တချို့ ပိုင်ရှင်များကတော့ ထမင်း၊အသား နဲ့ ဟင်းသီးဟင်းရွက်များကို ချက်၍ ကျွေးရခြင်းကို ပိုပြီး နှစ်သက်ပါတယ်။

မည်သည့် အစာအာဟာရကို ကျွေးသည်ဖြစ်စေ မိမိခွေးလေး၏ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် ကျွေးပေးရန် အဓိက လိုအပ်ပါတယ်။

Credit : UK pug dog club

Pug လေးများအတွက်အာဟာရ


Credit to Coral Coral
ခွေးအမျိုးအစား တစ်ခုချင်းစီမှာ ဆင်းသက်လာသော မျိုးရိုးဗီဇ၊အမွှေး၊ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံ၊အရွယ်အစား၊လှုပ်ရှားမှု စတဲ့ အရာတော်တော်များများဟာ  မတူညီတဲ့အတွက် သူတို့အတွက် လိုအပ်တဲ့ အာဟာရလိုအပ်ချက် တွေဟာလည်း မတူညီနိုင်ပါဘူး။

အဓိကအားဖြင့် အစာကြေလွယ်စေသော၊ အာဟာရ အမှန်တကယ်ရစေနိုင်သော အရာများဖြစ်တဲ့ ပရိုတင်း၊ကာဗိုဟိုက်ဒရိတ်၊အဆီဓာတ်၊ဗီတာမင်၊သတ္တုဓာတ် စသည်တို့သည် သူတို့ နေ့စဉ်ပုံမှန်စားသောက်နေသော အစာအာဟာရများတွင် အချိုးကျစွာ ပြည့်စုံမျှတ ပါဝင်နေဖို့ လိုအပ်ပါတယ်။

Pug လေးများနှင့် ကယ်လိုရီ လိုအပ်ချက်
-----------------------------------------
Puppy pug >>> body weight 1ပေါင် အတွက် 50 ကယ်လိုရီ ( calories)
Adult pug >>>> body weight 1ပေါင် အတွက် 40 ကယ်လိုရီ ( calories)

ယေဘူရအားဖြင့် အလေးချိန် 1ပေါင် ရှိသော pug puppy လေးသည် အစာ 1 အောင်စ စားသင့်ပါတယ်။
ဥပမာ။  ။ 3 ပေါင် ရှိသော puppy လေးအတွက် တကြိမ်စားလျှင် အစာ 3 အောင်စ လိုအပ်ပါတယ်။

Adult pug တွေကတော့ 1ပေါင် ရှိသော pug အတွက် အစာ အောင်စဝက် စားသင့်ပါတယ်။
ဥပမာ။   ။ 10ပေါင်ရှိသော pug အတွက် အစာ 5 အောင်စ လိုအပ်ပါတယ်။

Pug လေးကို တစ်လတကြိမ် weight ချိန်၍ ကျွေးရမည့် ပမာဏကို ကိုယ်အလေးချိန်နှင့် ချိန်ညှိ၍ တဖြေးဖြေး တိုးသွားခြင်း သို့ လျှော့ချခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။

အစာခြောက် တမျိုးတည်းကျွေးခြင်း သို့ ကိုယ်တိုင်ချက်ကျွေးခြင်း
-----------------------------------------------------------
A) အစာခြောက်ကျွေးခြင်း
-----------------------
>> puppy အရွယ်ကို adult စာဝယ်ကျွေးနေခြင်း
( ငယ်ရွယ်စဉ်တွင် ခန္ဓာကိုယ် ထွားကျိုင်းရန် အမှန်တကယ် လိုအပ်သော ကယ်လိုရီ၊ပရိုတင်း၊ဗီတာမင်၊သတ္တုဓာတ် စတဲ့အရာတွေ အပြည့်အဝ မရရှိနိုင်ခြင်း)

>> adult အရွယ်ကို puppy စာကျွေးနေခြင်း
( အဝလွန်နိုင်ခြင်း )

စသည်တို့ မဖြစ်အောင် အစာခြောက်ကို သင့် pug လေး၏ အသက်အရွယ်နှင့်အလိုက် ရွေးချယ်ပေးသင့်ပါတယ်။

သင့် Pug လေးရဲ့ ကိုယ်အလေးချိန်ကို တိုင်းတာ၍ ကျွေးရမည့်နှုန်းကို အစာခြောက်အိတ်များတွင် ကြည့်ပြီး ကျွေးသင့်ပါတယ်။

အစာအိတ်များကို ကိုယ်ကျွေးနိုင်သလောက် ပမာဏလောက်သာ ဝယ်ယူခြင်း၊အစာအိတ်သက်တမ်းကို မဝယ်ယူမီ သေချာစွာ စစ်ဆေးခြင်း၊အစာခြောက်တွင်ပါဝင်သော ပစ္စည်းများကို သေချာစွာ လေ့လာခြင်း၊ အစာအိတ်များပေါက်နေလျှင် အစိုပြန်၍ အာဟာရတန်ဖိုးလျော့ကျနိုင်သောကြောင့် အစာအိတ်များကို သေချာစနစ်တကျ ထားခြင်း စသည့်အချက်များကို အစာခြောက်ကျွေးသော ပိုင်ရှင်များ သတိထားသင့်ပါတယ်။

အစာခြောက်သာ ကျွေးမည်ဆိုလျှင် ၁ နှစ်ကို မတူညီသော အစာခြောက်တံဆိပ် အမျိုးအစား ၃ မျိုးခန့်ကို လဲလှယ်ကျွေးသင့်တယ်လို့ အာဟာရ ပညာရှင်တွေက အကြံပြုထားပါတယ်။
ကျွေးနေသော အစာခြောက်ကို ရပ်၍ နောက်တမျိုးအသစ်သို့ ချက်ချင်း မပြောင်းသင့်ပါဘူး။

အစာခြောက်ကိုရွေးချယ်ရင်တော့ ထမင်းကို ထပ်ပေါင်းပြီး ကျွေးစရာမလိုတော့ပါဘူး။

ဈေးကွက်တွင် နာမည်ရပြီးသား အစာခြောက်များတွင် ခွေးများအတွက် လိုအပ်သော အာဟာရဓာတ်များ ပြည့်စုံစွာ ပါရှိပြီး ဖြစ်သောကြောင့် အခြား ဖြည့်စွက်အရာများကို ထပ်ကျွေးရန် များသောအားဖြင့် မလိုအပ်တော့ပါဘူး။

ပိုင်ရှင်များအနေနဲ့ မိမိ pug လေးအတွက် သင့်လျော်သော အစာခြောက်ကိုသာ ရွေးချယ်ပေးရန် လိုအပ်ပါတယ်။

( ယခုနောက်ပိုင်းတွင် ဆန်နှင့်အသားကို အဓိကထား၍ ထုတ်ထားသော အစာခြောက်များ ဈေးကွက်တွင် ပေါ်လာပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ မရသေးပါဘူး)

B) ကိုယ်တိုင်ချက်၍ကျွေးခြင်း
--------------------------
လွယ်ကူ၍ ကုန်ကျစရိတ် သက်သာစေပါတယ်။

ကိုယ်တိုင်ချက်ကျွေးမယ်ဆိုရင်တော့ သင့်တင့်မျှတသော အာဟာရ ရရှိစေရန် ချက်သင့်ပါတယ်။
ဥပမာ။   ။ ထမင်းကို ပမာဏများစွာ ကျွေးမိပါက carbohydrate များ လိုအပ်သည်ထက် များသွား၍ အရေပြား ပြသာနာများ ဖြစ်လာစေနိုင်ခြင်း၊အဝလွန်ခြင်း စသည်တို့ ဖြစ်လာတတ်ပါတယ်။
ဟင်းကို ချက်ပြီး ကျွေးသောအခါတွင်လည်း အဆီများစွာ သုံးစွဲခြင်းက pug လေးကို အဝလွန်စေပါတယ်။

Pug လေးများအတွက် ပရိုတင်း ပမာဏ 20% - 27% လောက်သာ လိုအပ်တဲ့အတွက် ပရိုတင်းဓာတ် ပါဝင်သော အသား၊ကြက်ဥ၊ငါး၊စသည်တို့ကို အများကြီးကျွေးခြင်းလည်း မပြုလုပ်သင့်ပါဘူး။

လိုအပ်သော ကယ်လိုရီကို စနစ်တကျ တွက်ချက်၍ ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

Carbohydrates (ကစီဓာတ်)
------------------------------
စွမ်းအင်အတွက် ကစီဓာတ် လိုအပ်ပါတယ်။
ဆန်၊ဂျုံ၊ပြောင်း စသည့် အစေ့အဆန် တို့မှ အဓိက ရရှိသည်။ ချက်ပြုတ်ကျွေးသောအခါတွင်လည်း အစာကြေလွယ်စေသော အရာများဖြစ်သည်။

Fats (အဆီဓာတ်)
-------------------
အရမ်းကို အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ထောက်ပံ့ပေးခြင်း၊အစားအသောက်ကို အရသာပိုရှိစေခြင်း၊အဆီတွင် ပျော်ဝင်သော ဗီတာမင်ဓာတ်များ ရရှိစေခြင်းတို့အပြင် သင့် pug လေး၏ ကြွက်သားသန်မာမှု၊အမွှေးတို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် သင်တို့ရွေးချယ်ပေးသော အစာများတွင် ပါဝင်တဲ့ အဆီဓာတ်ဟာ အလွန်အရေးကြီးပါတယ်။
သို့သော် အဆီဓာတ်ကို လိုတာထက် ပိုကျွေးမိရင်တော့ အဝလွန်လာမှာ မလွဲမသွေပါပဲ။

ရေဓာတ်
---------
ခန္ဓာကိုယ် ထွားကျိုင်းမှုအတွက် လိုအပ်ပါတယ်။
အစာခြောက်စားသော pug လေးများဟာ ရေပိုသောက်တတ်ပါတယ်။
ပူသောရာသီတွေမှာ ရေအေးအေးလေး တိုက်ပေးနိုင်ပါတယ်။

>> 2.25kg (5ပေါင်) ရှိသော pug အတွက် ရေ 0.24 လီတာ တနေ့တာလိုအပ်ပါတယ်။

ချက်ပြုတ်ကျွေးရာတွင် ပါဝင်သင့်သော အရာများ ( အသား၊ဆန်၊ဟင်းသီးဟင်းရွက် တမျိုး သို့ နှစ်မျိုး )
-------------------------------------------------
>> အသား( ကြက်သား ၊အမဲသား၊ငါး)
>> အသည်း( ပမာဏအများကြီး ကျွေးပါက ဝမ်းပျက်စေနိုင်ပါတယ်)
>> ငါး ( ဆော်လမွန်ငါးတွင် အရေပြားနှင့် အမွှေးအတွက် အကျိုးပြုသော omega 3 fatty acid ပါဝင်ပါတယ်။ အစိမ်းမကျွေးသင့်ပါဘူး)
>> ကြက်ဥ (ပြုတ်ပြီးမှ ကျွေးသင့်ပါတယ်။ ကြက်ဥ အနှစ်မှာ biotin ဓာတ် ပါဝင်ပါတယ်။)
>> ကြက်သွန်ဖြူ ( ပမာဏများစွာ ကျွေးမိပါက အဆိပ်ဖြစ်စေပါတယ်။ တခြမ်းလောက်သာ ကျွေးသင့်ပါတယ်။)
>> ဟင်းသီးဟင်းရွက် ( ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊မုန်လာဥဖြူ၊တရုတ်နံနံ၊ဂေါ်ဖီထုပ်၊မုန်ညင်း၊ဟင်းနုနွယ်၊ဆလတ်ရွက်၊ပဲပင်ပေါက်၊ကညွတ် စသည်တို့ ကျွေးနိုင်ပါတယ်။ ကြက်သွန်နီ မကျွေးရပါဘူး)
>> အသီး ( ငှက်ပျောသီး၊ သင်္ဘောသီး၊ ပန်းသီး၊ သစ်တော်သီး၊ထောပတ်သီး စသည်တို့ကျွေးနိုင်ပါတယ်။ အစေ့လုံးဝ မကျွေးရပါ။ )
(ဟင်းသီးဟင်းရွက်နှင့် အသီးများကို ကျွေးခြင်းဖြင့် ဗီတာမင် A C K E B6 ကယ်လ်စီယမ် မဂ္ဂနီဆီယမ် ပိုတက်စီယမ် သံဓာတ် ဇင့်ဓာတ်စသည်တို့ ရရှိစေပါတယ်။)

သင့် pug လေးရဲ့ စွမ်းအင် လိုအပ်ချက်၊အရွယ်အစား၊ကြီးထွားနှုန်း၊နေ့စဉ် လှုပ်ရှားမှု၊အရေပြား၊အမွှေး အထူအပါး၊အစာချေဖျက်နှုန်း စတဲ့ အချက်တွေကို ကြိုတင်သိထားသင့်ပါတယ်။

Pug လေးများရဲ့ ကျန်းမာရေးသည် သူတို့စားသော အစားအသောက်များနှင့် တိုက်ရိုက် ဆက်နွယ်ပါတယ်။

ဒါကြောင့် သင့်တင့်ညီမျှသော အာဟာရပြည့်စုံသည့် အစားအစာများကို မှန်ကန်သော အချိန်တွင် မှန်ကန်စွာ ရွေးချယ် ကျွေးမွေးပေးခြင်းဖြင့် လှပကျန်းမာသော ချစ်စရာ pug လေးများကို ပိုင်ဆိုင်စေနိုင်မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။

Skeletal structure of the Pug ( Pug လေးများ၏ အရိုးတည်ဆောက်ပုံ ) ( credit : Pug by Juliette )

Pug လေးများနဲ့ ခံတွင်းကျန်းမာရေး

Credit to Coral Coral

ခံတွင်းအနံ့ထွက်ခြင်းဟာ ခွေးလေးများတွင် သာမန် ဖြစ်ရိုးဖြစ်စဉ်မျိုးသာ ဖြစ်သည်ဟု ယူဆနိုင်သော်လည်း တခါတရံတွင်တော့ ခန္ဓာကိုယ်တွင်း ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

များသောအားဖြင့် ခံတွင်းကို သန့်ရှင်းရေး လုပ်ပေးရန် အားနည်းခြင်းကြောင့် အနံ့ဆိုးများ ဖြစ်လာတတ်ခြင်း ဖြစ်ပါတယ်။

၁ နှစ်မှာ တကြိမ် (သို့) နှစ်ကြိမ် သင့် ခွေးလေးများရဲ့ ခံတွင်း / သွား ကျန်းမာရေးအတွက် ဆရာဝန်ထံတွင် စစ်ဆေးသင့်ပါတယ်။

pug လေးများရဲ့ သွားများဟာ သေးငယ်ပြီး ခပ်စိတ်စိတ် ရှိနေတဲ့အတွက် ခံတွင်းနံ့ နံခြင်း ဖြစ်လွယ်ပါတယ်။

အောက်ဖော်ပြပါ အချက်များကတော့ သင်၏ pug လေးကို ခံတွင်းနံ့ နံခြင်း လျော့နည်းစေရန် အိမ်တွင် အလွယ်တကူ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း အချို့ဖြစ်ပါတယ်။

A ) တစ်နေ့တစ်ကြိမ် သွားတိုက်ပေးခြင်း

- ကိုယ်ကိုတိုင် အစားစားပြီး သွားမတိုက်ရင် ဘာတွေဖြစ်တတ်လဲ ဆိုတာ အရင်တွေးကြည့်လိုက်ပါ။ 

pug လေးများငယ်စဉ်ကတည်းက သွားတိုက်ပေးခြင်းကို အကျင့်ဖြစ်စေရန် လေ့ကျင့်ပေးထားရမှာ ဖြစ်ပါတယ်။
ခွေးလေးများအတွက် သွားတိုက်တံ နဲ့ သွားတိုက်ဆေးကို pet shop တွေမှာ ဝယ်ယူလို့ရပါတယ်။

* အထူးသတိပြုရန်ကတော့ လူသုံးတဲ့ သွားတိုက်ဆေးကို ခွေးလေးများအတွက် မသုံးစွဲသင့်ပါဘူး *

B ) ကစားစရာများ ပေးဆော့ခြင်း

- မာကြောသော ရာဘာ အရုပ်များ ကိုက်ဆော့ခြင်းက သွားများကို သန့်ရှင်းစေပြီး သွားအတွင်းရှိ ဂျီးများကိုလည်း ပြောင်စေနိုင်ပါတယ်။
အရိုးတုများ ကိုက်စေခြင်းကလည်း သွားများအတွက် အထောက်အကူ ရစေပါတယ်။ ( သို့သော် ယခုနောက်ပိုင်းတွင် အရိုးတုများသည် ခွေးလေးများအတွက် မသင့်တော်ဘူးဆိုသည့် post များလည်း fb တွင် တွေ့မြင်နေရပါတယ်။ )

C ) လက်ရှိကျွေးနေသော အစာကို ပြောင်းလဲပစ်ခြင်း

- အစာကြေလွယ်စေသော အစာများကျွေးခြင်းကလည်း ပါးစပ်နံခြင်း သက်သာစေရန် အကြောင်းတခုဖြစ်ပါတယ်။ အစာကျွေးစဉ် အသားအများကြီးထည့်ကျွေးမယ့်အစား အစာခြောက်ပြောင်းကျွေးပေးခြင်းကလည်း ရာဘာအရုပ်များဆော့သကဲ့သို့ ခံတွင်းမှ အနံ့ဆိုးလျော့စေရန် အထောက်အကူ ပြုပါတယ်။

apple cider vinegar ကို pug လေးများသောက်မယ့် ရေထဲကို ပမာဏ အနည်းငယ် ( ထည့်ထားသော ရေပမာဏရဲ့ ၄ ပုံ ၁ ပုံ )ထည့်တိုက်ပေးခြင်းကလည်း ခံတွင်းနံ့ နံခြင်းကို လျော့နည်းစေပါတယ်။

ခွေးလေးများရဲ့ ပါးစပ်သန့်ရှင်းစေရန် pet shop များတွင်လည်း လိုအပ်သော ပစ္စည်းများ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။

D ) အခါအားလျော်စွာ ခံတွင်းကို စစ်ဆေးပေးခြင်း

- တခါတရံ သွားကြားများအတွင်း အစာများညက်နေခြင်း, လူများကဲ့သို့ စားပြီးသားအစာများမှ မမြင်ရသော ဘက်တီးရီးယားပိုးများ ပါးစပ်အတွင်း ပေါက်ဖွားနေခြင်း , ခံတွင်းအတွင်း ပြည်တည်နာဖြစ်ခြင်း , ခံတွင်းကင်ဆာ စသည့် အကြောင်းများကလည်း ခံတွင်းနံ့ ဆိုးစေပါတယ်။

အထက်ပါ အချက်များကိုလေ့လာရင်း သင်တို့ရဲ့ pug လေးများ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူ တစုံတရာ ပေးနိုင်လိမ့်မယ်ဟု မျှော်လင့်မိပါတယ်။

ယခုထက် ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ကျွမ်းကျင် ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်

Thursday, March 17, 2016

'' Pug လေးများနဲ့ မိုးရာသီ ''
--------------------------------------
အရေပြားခြောက်သွေ့ခြင်းနဲ့ ဗောက်ထခြင်းတို့ ဖြစ်တတ်သောကြောင့် ရေချိုးတဲ့အခါ shampoo အများကြီး သုံးခြင်းကို ရှောင်ရှားရပါမယ်။

ရွှံ့တွေ ဗွက်တွေကြောင့် အမွှေးတွေ ညစ်ပတ်သွားရင်တော့ shampoo မသုံးပဲ ရေ ခပ်နွေးနွေးလေး သုံးပြီး သန့်ရှင်းရေး လုပ်ပေးပါ။

puppy လေးရဲ့ အရေပြားဟာ နုနယ်သေးတဲ့အတွက် အသက် ၄ လမတိုင်ခင် ရေချိုးပေးချင်ရင်တောင် shampoo လုံးဝမသုံးပဲ ရေနွေးနဲ့သာ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

ရေချိုးပြီးတဲ့အခါ သူတို့ရဲ့ အမွှေးတွေမှာ ရေကပ်ကျန်နေခြင်း မရှိအောင် သုတ်ပေးသင့်ပါတယ်။
hair dryer ကို အမွှေးများခြောက်စေရန် အသုံးပြုပေးနိုင်ပါတယ်။
*hair dryer ကို ခပ်ဝေးဝေးမှ ထား၍ အသုံးပြုရန် နှင့် အရမ်းမပူစေရန် အထူးသတိပြုပါ*

အရေပြားတွင် ယားနာ ဖြစ်တတ်သော ရာသီဥတုလဲ ဖြစ်ပါတယ်။
အရေပြားတွင် ယားနာ, အမွှေးကျွတ်နေသော အနာ စသည်တို့ တွေ့ရှိပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသပေးပါ။

မျက်နှာပေါ်ရှိ အရစ်များကိုလဲ သေချာစစ်ဆေး၍ သန့်ရှင်းရေးလုပ်ပေးပါ။
နားကို အကြိမ်များစွာ ကုတ်ခြင်း , ခေါင်းကို ခါရမ်းနေခြင်းများကို သတိထားမိပါက ဆရာဝန်နှင့် ပြသပေးပါ။

ခြေချောင်း လက်ချောင်းများကြားတွင် မိုးရေ ရွှံ့ဗွက်တို့ကြောင့် ယားနာ/ မှို  စသည်တို့ ဖြစ်တတ်သောကြောင့်
ခြေချောင်း လက်ချောင်းများကို ရက်နေခြင်း , ကိုက်နေခြင်း ရှိ မရှိကိုလဲ  သတိထား ကြည့်သင့်ပါတယ်။

စိုစွက်နေသော မြက်များတွင် မွှားများရှိနေတတ်ပြီး မိုးရာသီတွင် ကြုံတွေ့ရသော စိတ်ညစ်စရာ ပြသာနာ တရပ်ဖြစ်ပါတယ်။
မွှားတွေ့ရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပျောက်ကင်းအောင် ပြုလုပ်ပေးပါ။ 

တခြား ဆောင်ရန် ရှောင်ရန်များ ကျန်ရှိနေပါကလည်း ထပ်မံ ဖြည့်စွက်၍ အကြံပေး ပေးကြပါ။

မိုးရာသီတွင် pug လေးများနှင့်အတူ ပျော်ရွှင်နိုင်ကြပါစေ။

Pug လေးများ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အချို့ဖြစ်ပါတယ်။

1 )  အစာပြွန်          oesophagus ( esophagus)   
2 ) အဆုတ်             lungs                       
3 )  သည်းခြေအိတ်  gall bladder
4 ) အသည်း             liver
5 ) ကျောက်ကပ်      kidney
6 ) အစာအိမ်           stomach
7 ) အူ                    intestines
8 ) ဆီးအိမ်            urinary bladder

"" Pug လေးများနှင့် အမွှေးကျွတ်ခြင်း ""

Pug လေးတွေကို ပိုင်ဆိုင်သော ပိုင်ရှင်များအနေနဲ့ သင့်တို့၏ pug လေးများကို အမွှေးလုံးဝ မကျွတ်အောင် လုပ်လို့မရနိုင်ပေမယ့် အမွှေးကျွတ်နှုန်း နည်းအောင်တော့ လုပ်ပေးလို့ရပါတယ်။

အမွှေးအလွှာ တထပ်တည်းရှိတဲ့ black pug တွေဟာ fawn pug တွေလောက် အမွှေးမကျွတ်ပါဘူး။
Fawn pug တွေကတော့ အမွှေးအလွှာ နှစ်ထပ်ရှိတဲ့ အတွက် အမွှေးပိုကျွတ်ပါတယ်။

နေ့စဉ် အမွှေးဖီးပေးခြင်းက အမွှေးကျွတ်ခြင်းနည်းပါးစေရန် ပြုလုပ်ပေးနိင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။
ခေါင်းမှ အမြီးအထိ ၊ ခန္ဓာကိုယ်ဘေးတဘက်စီ၊ ဝမ်းဗိုက်ပိုင်း စတဲ့ နေရာတွေကို ဖီးပေးရမှာဖြစ်ပါတယ်။

2 - 3 ပတ် တကြိမ် သို့ အနည်းဆုံး တလကို တကြိမ် ရေမှန်မှန်ချိုးပေးခြင်းကလည်း အမွှေးကျွတ်ခြင်းကို သက်သာစေပါတယ်။

Omega 3 နဲ့ omega 6 ကို ( ဆရာဝန်နှင့်တိုင်ပင်၍ ) ဖြည့်စွက် တိုက်ကျွေးပေးခြင်း၊ ဆော်လမွန်ငါး၊ တူနာငါး စသော omega 3 fatty acid ပါသော အစာအာဟာရများ ဖြည့်စွက်ကျွေးပေးခြင်းတို့ကလည်း အမွှေးနဲ့ အရေပြား ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

အပြင်သို့လမ်းလျှောက်ထွက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စသည်တို့သည်လည်း အမွှေးနှင့် အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အမွှေးကျွတ်ခြင်း သက်သာစေပါတယ်။

Ques : ဘယ်အချိန်တွေမှာ အမွှေးကျွတ်တတ်ပါသလဲ ?

Ans :
A ) ဟော်မုန်း
ခန္ဓာကိုယ်အတွင်း ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့ အချိန်တွေမှာ အမွှေးအကျွတ်ဆုံး ဖြစ်ပါတယ်။
- အသက် ၄ လမှ ၉ လကြား ငယ်မွှေးမှ ကြီးမွှေး လဲတဲ့ အချိန်
-အမ လေးများ သားပေါက်ချိန် နှင့် သားပေါက်ပြီးချိန်
-heat လာနေစဉ်နဲ့ heat လာပြီးသော အချိန်

B) ရာသီဥတု
သဘာဝတရားအရ ခွေးများ၏ခန္ဓာကိုယ် အနွေးဓာတ်ရစေရန်၊ရာသီဥတုဒဏ်ခံနိုင်စေရန် ဆောင်းတွင်း၌ အမွှေးများစွာမကျွတ်ပဲ ထူထဲစွာရှိနေတတ်ပါတယ်။ သို့သော် ပူသော ရာသီဥတုတွင်တော့ အမွှေးများစွာ ကျွတ်တတ်ပါတယ်။

C)ဆေးပညာရှုထောင့်
သင့်ရဲ့ pug ကလေး ပုံမှန်ထက် အမွှေးများစွာကျွတ်ခြင်း ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။
- အရေပြားနီမြန်း၍ အမွှေးများကျွတ်နေခြင်း
- ဓာတ်မတဲ့ခြင်းကြောင့် အရေပြားယားယံခြင်း
- သိုင်းရွိုင့် ပြသနာ
- သန်း/မွှားများမရှိပဲ အလွန်အမင်း ကုတ်နေခြင်း စတဲ့ ကျန်းမာရေးနဲ့ဆိုင်သော ကိစ္စများကြောင့် အမွှေးများအလွန်အကျွံ ကျွတ်ခြင်း ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသရန် လိုအပ်ပါတယ်။

ဖော်ပြပါ ပုံများကတော့ fawn pug လေးတွေကို ပိုင်ဆိုင်သူတွေ အမွှေးကျွတ်ချိန်မှာ အရောင်ရင့် တွေကို ဝတ်ဆင်ရင် ကြုံတွေ့ရတဲ့ အခက်အခဲပါ။

Black pug မွေးမြူသူတွေလဲ ဒီလိုပါပဲ။
အရောင်နု ဝတ်ဆင်ရင် အနက်ရောင် အမွှေးများဟာ အရောင်အနုပေါ်မှာ သိသာထင်ရှားနေတတ်လို့ပါ။

Pug လေးတွေကို ချစ်တတ်သူတွေအတွက်တော့ ဒါက ပြောပလောက်တဲ့အရာမဟုတ်သော်လည်း ကိုယ့်ရဲ့ pug လေး အမွှေးကျွတ်ချိန်တွေမှာ အဝတ်အစားအရောင်ကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် လှပနိုင်ကြပါစေ။

သာမန်အားဖြင့် ကြည့်ရင်တော့ pug လေးများရဲ့ အမွှေးဟာ ပြားကပ်ကပ်နဲ့ အတိုလေးလို့ထင်ရပေမယ့် အမွှေးတစ်ချောင်းချင်းစီရဲ့ အရှည်ကတော့ 1 လက်မ မှ 1 လက်မခွဲထိ ရှည်ပါတယ်။

Pug လေးများ ပုံမှန် အမွှေးချသော အချိန်များမှာ . . .

Black pug လေးများကို ပိုင်ဆိုင်တဲ့ owner တွေကတော့ အဖြူရောင် ၊ အဝါရောင်  စတဲ့ အရောင်နုတွေကို ဝတ်ဆင်ခြင်း ရှောင်ရှားသင့်ပါတယ်။

Fawn pug ပိုင်ရှင်များကတော့ အနက်ရောင်၊ နက်ပြာရောင် စတဲ့ အရောင်ရင့် များကို မဝတ်ဆင်သင့်ပါဘူး။

16 ရာစုတွင် နယ်သာလန် မင်းသား William of Orange ၏ အသက်ကို သူ၏ pug ကလေး Pompey က ကယ်ဆယ်ပေးခဲ့ပါသည်။

ညသန်းခေါင်ယံအချိန်တွင် စပိန်မှ လုပ်ကြံသတ်ဖြတ်သူများ ရောက်လာခြင်းကို မင်းသား၏ pug လေး Pompey က ဟောင်၍ သတိပေးခဲ့သောကြောင့် မင်းသား အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပါတယ်။

ထို့ကြောင့် 1572 ခုနှစ်တွင် မင်းသားက Pug ကို house of orange ရဲ့ တရားဝင် ခွေးအမျိုးအစားအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

Wednesday, March 16, 2016

Mating

small breed ဖြစ်တဲ့အတွက် Pug အထီးလေးတွေက 8-10 လ နောက်ပိုင်း မှာ သားစပ်ပေးလို့ရပါတယ်။

ဒါပေမယ့် တကယ် အရွယ်ရောက်ပြီး သားစပ်ပေးသင့်တဲ့ အရွယ်ကတော့ 1  နှစ်နောက်ပိုင်းက အကောင်းဆုံး ဖြစ်ပါတယ်။

မျိုးရိုး ပြသနာများကို စောင့်ကြည့်နိုင်ရန် နဲ့ သားသမီးတွေကို genetic problem တွေရှိခဲ့ရင် မပြန့်ပွားအောင် အမေရိကန် , အင်္ဂလန် စတဲ့ နိုင်ငံတွေမှာတော့ pug အထီးလေးတွေကို 2 နှစ်ပြည့်မှသာ သားလိုက်ခွင့်ပြုကြပါတယ်။

credit : Dr. Marie, Veterinarian